ကလေးငယ်များ၏ ချိုသောအပြုံးများ ဖူးပွင့်ကြလေပြီ ...

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia Medical Mission တို့ ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသပေးသည့် အစီအစဉ် ပထမနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဝေဒနာရှင် ကလေးငယ် (၁၉) ဦးကိုအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ယနေ့ ဒုတိယနေ့တွင်လည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့်အတူ Smile Asia Medical Mission ၏ နိုင်ငံတကာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှ ဝေဒနာရှင်ကလေးငယ်များကို ခွဲစိတ်ကုသပေးလျှက်ရှိပါသည်။

ယနေ့ ခွဲစိတ်ကုသမှုသို့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Mr. Robert Chua ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဇနီး ဒေါ်နန်းရွှေမြင့် တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များကို လာရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယခုပြုလုပ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသပေးသည့် အစီအစဉ်သို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ ရှမ်း၊ ပအို့ဝ်၊ ကယား၊ ကယန်း၊ လားဟူ၊ ဓနု၊ ပလောင်၊ ကချင်နှင့် ဗမာ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်ကလေးငယ် (၁၂၉) ဦးမှ ခွဲစိတ်ကုသမှုခံယူရန် စာရင်းပေးသွင်းထားပါသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအနေဖြင့် လူနာများ ခွဲစိတ်ကူသမှုခံယူနေစဉ် တလျှောက်လုံး လူနာများ၏ စာရင်းများကောက်ယူခြင်း၊ လူနာနှင့် မိသားစုအတွက် အသွားအပြန်ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း၊ လူနာများနှင့် မိသားစုဝင်များအတွက် နေထိုင်စားသောက်ရေးများ အခမဲ့စီစဉ်ပေးခြင်း၊ ကုသမှုခံယူနေချိန်အတွင်း သွားရေးလာရေး
အဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ်များ စီစဉ်ပေးခြင်းနှင့် ကမ္ဘောဇအုပ်စုမှ ၀န်ထမ်းများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများမှ လုပ်အားဒါန ပြုခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကလေးငယ်တစ်ဦးလျှင် အလှူငွေကျပ် (၅၀၀၀၀) ကူညီလှူဒါန်းခဲ့ပါသည်။
ကလေးငယ်များ၏ အပြုံးပန်းလေးများ ဝေေ၀ဆာဆာဖြင့် ဖူးပွင့်နိုင်စေရန် တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ပါဝင်ကူညီခဲ့ကြသူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။