မိုင်းကိုင်မြို့နယ်တွင် ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့်သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများကို BFM မှ အလှူငွေများထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက ဆရာ၊ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ စီးနင်းလိုက်ပါလာသည့်ထော်လာဂျီတွဲယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာယာဉ်မောင်းအပါအ၀င်ကျောင်းသူ/ကျောင်းသား ၅ ဦးသေဆုံး၍ ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထော်လာဂျီယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိ၍ တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဆေးဝါးကုသစရိတ်အလှူငွေများသွားရောက်ထောက်ပံ့လှူဒါန်းခဲ့ရာ ကမ္ဘောဇဘဏ်လီမိတက် အထွေထွေမန်နေဂျာ ဒေါ်စန္ဒာဝင်းနှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများက အလှူငွေများပေးအပ်ခဲ့ပြီး လူနာရှင်များကိုယ်စား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး မိုင်းကိုင်ဆေးရုံ၊ လွိုင်လင်ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသော လူနာများကိုလည်း ထောက်ပံ့ငွေများ ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျောင်းသူ/ကျောင်းသားတစ်ဦးစီလျှင်ငွေကျပ်(၃)သိန်းစီ၊ သေဆုံးခဲ့သူတစ်ဦးလျှင်ငွေကျပ် (၅) သိန်းစီ အသီးသီးထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ဦးဆောင်မှုဖြင့် မြန်မာပြည်အနှံ့အပြားရှိ ပြည်သူများအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် ကျပ်ငွေ(၁၁၄)ဘီလီယံကျော်ကို နိုင်ငံနှင့် ပြည်သူအတွက် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။