နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များ အခမဲ့ခွဲစိတ်ကုသရန် စမ်းသပ်စစ်ဆေးမှု ယနေ့ စတင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia Medical Mission တို့ ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်မျာအတွက် အခမဲ့ ခွဲစိတ်ကုသနိုင်ရန် လိုအပ်သော ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများကို ဖေဖော်ဝါရီလ (၄) ရက်နေ့ (ယနေ့) စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံကြီး၌ International Friendship Medical Mission 2017 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ SmileAsia တည်ထောင်သူ Dr. Vincient Yeow နှင့် ကမ္ဘောဇအုပ်စု၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညို မြင့်တို့မှ အမှတ်တရစကား ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့်အတူ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ နိုင်ငံတကာမှ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ စုစုပေါင်း အဖွဲ့ဝင် (၃၁)ဦး ပါဝင်သော Smile Asia Medical Mission Team မှ ရှမ်း၊ ပအိုဝ့်၊ ကယား၊ ကယန်း၊ လားဟူ၊ ဓနု၊ ပလောင်၊ ကချင် နှင့် ဗမာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် (၁၁၀) ဦးကျော်ကို စနစ်တကျ စမ်းသပ်စစ်ဆေး၍ အခမဲ့ခွဲစိတ်ကုသပေးသွားမည် ဖြစ်သည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အနေဖြင့် လူနာများ ခွဲစိတ်ကူသမှုခံယူနေစဉ် တလျှောက်လုံး လူနာများ၏ စာရင်းများကောက်ယူခြင်း၊ လူနာနှင့် မိသားစုအတွက် အသွားအပြန်ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း၊ လူနာများနှင့် မိသားစုဝင်များအတွက် နေထိုင်စားသောက်ရေးများ အခမဲ့စီစဉ်ပေးခြင်း၊ ကုသမှုခံယူနေချိန်အတွင်း သွားရေးလာရေးအစဉ်ပြေချောမွေ့စေရန် မော်တော်ယာဉ်များ စီစဉ်ပေးခြင်းနှင့် ကမ္ဘောဇအုပ်စုမှ ၀န်ထမ်းများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများမှ လုပ်အားဒါန ပြုခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဒေါ်နန်းလိုင်းခမ်းဥက္ကဋ္ဌ အဖြစ်ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းစတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ယနေ့အထိ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကဏ္ဍမျိုးစုံတွင် ကျပ် ၁၁၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။