BFM မှ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၃) ခုသို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျပ်သိန်းပေါင်း (၁၃,၀၀၀) လှူဒါန်းထား

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် ၂၀၁၆ခုနှစ် ဇွန်လမှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရအဖွဲ့(၁၃)ခုသို့ အလှူငွေကျပ် သိန်း(၁၀၀၀)စီဖြင့် စုစုပေါင်းကျပ် သိန်းပေါင်း(၁၃,၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်သည်။

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တာဝန်ရှိသူက ငွေကျပ်သိန်း (၁၀၀၀)ကို မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးထံသို့ သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင်
ပေးအပ်လှူဒါန်း ခဲ့သည်။ 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)သည် ၂၀၁၆ခုနှစ် ဇွန်လမှစ၍ စုစုပေါင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၃)ခု၏ အစိုးရအဖွဲ့ ၀န်ကြီးချုပ်များထံသို့ ဖောင်ဒေးရှင်း တာဝန်ရှိသူများ ကိုယ်တိုင် သွားရောက်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့်
ဒေသဖွံ့ဖြိုးရေးအတွက် သိန်း(၁၀၀၀)စီကို လှူဒါန်းခဲ့သည်။ 

ယခင်က ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားချိန်အတွင်းဖောင်ဒေးရှင်း အနေဖြင့် သော်လည်းကောင်း၊ အခြားပရဟိတအဖွဲ့များနှင့် အလှူရှင်များအနေဖြင့်လည်းကောင်း၊ ခက်ခဲပင်ပန်းစွာ၊ လူအား၊ ငွေအားဖြင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ ဝေးလံခေါင်သီသော အချို့ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများရောက်ရှိရန် နှောင့်နှေး ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရပြီး ထိုအတွေ့ အကြုံများကို အခြေခံ၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက လှူဒါန်းမှုကို စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန် တွင် မြန်မာပြည်အနှံ့အပြားတွင် သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များအနေဖြင့် အမြန်ဆုံး အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။