BFM သည် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုမြောက် လှူဒါန်းမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျပ်သိန်းပေါင်း (၁,၀၀၀) လှူဒါန်း

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည်၂၀၁၆ခုနှစ် ဇွန်လမှစ၍ ယနေ့ အထိ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့(၁၄)ခုသို့အလှူငွေကျပ် သိန်း(၁၀၀၀)စီဖြင့် စုစုပေါင်းကျပ် သိန်းပေါင်း(၁၄,၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)မှ တာဝန်ရှိသူ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးဆန်းအောင်ကငွေကျပ်သိန်း (၁၀၀၀)ကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ထံသို့ ယနေ့ (၂၀.၉.၂၀၁၆) တွင်ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယခုကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ (၁၄)ခုသို့ အလှူငွေများ လှူဒါန်း ရခြင်းမှာယခင်ကရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားချိန်အတွင်းဖောင်ဒေးရှင်းအနေဖြင့် သော်လည်းကောင်း၊ အခြားပရဟိတအဖွဲ့များနှင့် အလှူရှင်များအနေဖြင့်လည်းကောင်း၊ ခက်ခဲပင်ပန်းစွာ၊ လူအား၊ ငွေအားဖြင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ ဝေးလံခေါင်သီသော အချို့ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများရောက်ရှိရန် နှောင့်နှေး ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရပြီး ထိုအတွေ့ အကြုံများကို အခြေခံ၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ယခုအချိန်တွင်မြန်မာပြည်အနှံ့အပြားတွင် သဘာဝဘေး အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များအနေဖြင့် အမြန်ဆုံး အချိန်နှင့်တပြေးညီ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းလည်းဖြစ်ပါသည်။

ဖောင်ဒေးရှင်းသည် လာမည့်ဆောင်းရာသီတွင် လာနီညာရာသီဥတုကြောင့် အအေးဒဏ်ကို ဆိုးရွားစွာ ခံစားရနိုင်သည့် ဒေသများရှိ ပြည်သူများအတွက်ခေါင်းစွပ်ပါအနွေးထည် (၂၀၀၀၀၀)ကို ပြည်ပမှ မှာယူကာ သက်ဆိုင်ရာဒေသများသို့ စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိပါသည်။