BFM နှင့် Smile Asia Mission တို့ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၇၉ ဦး ခွဲစိတ်ကုသပေးနိုင်ခဲ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့် Smile Asia Medical Mission တို့ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသပေးခဲ့ရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ် ၇၉ ဦး ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။
တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည့် ယနေ့ ခွဲစိတ်ကုသမှုသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အဖွဲ့မှ လာရောက်ကြည့်ရှုခဲ့ပြီးနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်များ၊ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများအား အားပေးစကားများ ပြောကြားခဲ့ပြီး ခွဲစိတ်ကုသနေမှုများအား ကိုယ်တိုင်လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ယခုပြုလုပ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအတွက် အခမဲ့ ခွဲစိတ်ကုသပေးသည့် အစီအစဉ်သို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ ရှမ်း၊ ပအို့ဝ်၊ ကယား၊ ကယန်း၊ လားဟူ၊ ဓနု၊ ပလောင်၊ ကချင်နှင့် ဗမာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်ကလေးငယ် (၁၃၃) ဦးမှ ခွဲစိတ်ကုသမှုခံယူရန် စာရင်းပေးသွင်းခဲ့ပြီး၊ကျန်းမာရေး စစ်ဆေးပြီးချိန်တွင် ခွဲစိတ်ကုသမှုခံယူရန် သင့်တော်သော အခြေအနေရှိသည့် ဝေဒနာရှင်ကလေးငယ် (၇၉) ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် လူနာများ၏ စာရင်းများကောက်ယူခြင်း၊ ခွဲစိတ်ကူသမှုခံယူနေစဉ် တလျှောက် လူနာနှင့် မိသားစုအတွက် အသွားအပြန်ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း၊ လူနာများနှင့် မိသားစုဝင်များအတွက် နေထိုင်စားသောက်ရေးများ အခမဲ့စီစဉ်ပေးခြင်း၊ ကုသမှုခံယူနေချိန်အတွင်းသွားရေးလာရေး အဆင်ပြေစေရန်မော်တော်ယာဉ်များ စီစဉ်ပေးခြင်းနှင့် ကမ္ဘောဇအုပ်စုမှ ၀န်ထမ်းများ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများမှ လုပ်အားဒါန ပြုခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး ကလေးငယ်တစ်ဦးလျှင် အလှူငွေကျပ် (၅၀၀၀၀)ကူညီလှူဒါန်းခဲ့ပါသည်။
ဝေဒနာရှင် ကလေးငယ်များ၏ အပြုံးပန်းလေးများ ဝေေ၀ဆာဆာဖြင့် ဖူးပွင့်နိုင်စေရန် တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ပါဝင်ကူညီခဲ့ကြသူများအားလုံးကိုကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။